နေပြည်တော်၊ မတ်လ ၇ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စုပေါင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် MSMEs များအတွက် Digital E-Commerce Platform အသုံးပြုနည်းသင်တန်းသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက ပြောကြားရာတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် MSMEs လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များကို အားပေးမြှင့်တင်နိုင်ဖို့အတွက် Digital E-commerce Platform ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် Digital E-commerce Platform ကို သိရှိပြီး Digital E-commerce Platform ကို အသုံးချနေကြသူတွေလည်း ရှိပြီးဖြစ်ပါကြောင်း၊ Digital E-commerce Platform အကြောင်း မသိရှိကြသေးသည့် MSME လုပ်ငန်းရှင်များက သိရှိအသုံးချတတ်စေရန်နှင့် သိရှိပြီးဖြစ်သူများအနေနှင့်လည်း ပိုမိုကျွမ်းကျင်စွာ အသုံးချတတ်စေရန်အတွက် ဒီသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်သည်။
ယခုသင်တန်းတွင် MSMEs လုပ်ငန်းရှင် (၈၀) ဦးပါဝင်ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများနှင့် ရုံးချုပ်က သင်တန်းသားများအပါအဝင် သင်တန်းသူ/သား စုစုပေါင်း (၁၀၀) ဦး တက်ရောက်မှာဖြစ်ပါကြောင်း၊ ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများက တာဝန်ခံများအနေနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်မှာ ရှိကြသည့် MSMEs များက Digital E-commerce Platform အသုံးချမှုနှင့်ပတ်သက်ပြီး အကူအညီတောင်းလာခဲ့ရင် ကိုယ်တိုင်ဖြေရှင်းပေးနိုင်အောင်နှင့် လိုအပ်ရင် ရုံးချုပ်နှင့်ချိတ်ဆက်ဖြေရှင်းပေးခြင်းဖြင့် MSMEs လုပ်ငန်းရှင်များကို ကူညီပံ့ပိုးပေးနိုင်မှာ ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းရှင်များက Registeration ပြုလုပ်ထားမယ်ဆိုပါက ကိုယ်ပိုင် Home Page တစ်ခုရရှိပြီး မိမိတို့ရဲ့ Products တွေကို မိမိတို့ကိုယ်တိုင် ကြော်ငြာတင်ပြထားနိုင်မှာဖြစ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပက Buyer များနှင့် Business လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Digital Trade Office တစ်ခုရရှိမှာ ဖြစ်ပါကြောင်း၊ ထူးခြားချက်က ဒီ Platform မှာ ပြည်ပက Buyer တွေလည်း ပါဝင်နေတာမို့ အနီးကပ်ချိတ်ဆက်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိနိုင်မည်ဖြစ်သည်။
ယခုသင်တန်းတွင် MSME လုပ်ငန်းရှင်များက မိမိတို့ရရှိမည့် ကိုယ်ပိုင် Homepage မှာ မိမိတို့ရဲ့ Products တွေကို ကိုယ်တိုင်တင်ပြနည်း၊ ပြည်တွင်/ ပြည်ပက Buyer များနဲ့ Business လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Digital Trade Office အသုံးပြုနည်းတွေကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုသတင်းအချက်အလက်နဲ့သုတေသနဌာနခွဲနှင့် Cyber King Co Ltd. တို့က ပူးပေါင်းစီစဉ် သင်ကြားပေးသွားမှာ ဖြစ်ပါကြောင်း၊ သင်တန်းဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးပါသော Cyber King Co Ltd. က တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့ပါသည်။
MSMEs များအတွက် Digital E-Commerce Platform အသုံးပြုနည်းသင်တန်းတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရုံးချုပ်မှ သင်တန်းသူ/သင်တန်းသား (၉) ဦးသည် Inperson ဖြင့်လည်းကောင်း၊ MSMEs လုပ်ငန်းရှင် (၈၀) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ခံများ (၁၁) ဦးတို့သည် Online ဖြင့်လည်းကောင်း၊ စုစုပေါင်းအင်အား (၁၀၀) ဦးတို့ တက်ရောက်ခဲ့ကြောင်းနှင့် ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။